စစ်ကောင်စီလက်အောက်ခံဖြစ်တဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဟာ အရံပြည်သူ့စစ်ဖွဲ့စည်းဖို့ ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ Non CDM ဝန်ထမ်းအင်အားကောက်ယူနေတယ်လို့ သိရပါတယ်။
“ဒီလ ၉ ရက်နေ့က စာထုတ်ပြီးညွှန်ကြားထားတာ။ ချက်ချင်းကြီးစစ်သင်တန်းတက်ရမယ်၊ စစ်တိုက်ရမယ်လို့ ဆိုလိုတာတော့မဟုတ်သေးဘူး စာရင်းဘဲပို့ခိုင်းသေးတာ အဲ့ထဲက ဘယ်အသက်အရွယ်ကနေ ဘယ်အသက်အရွယ်အထိ က စစ်သင်တန်းတက်ဖို့ ထပ်ခိုင်းမယ်။ လိုအပ်လာရင် စစ်တပ်ရဲ့ အရံအင်အားအဖြစ် ပြည်သူ့စစ်တပ်ရင်းဖွဲ့ဖို့ဖြစ်မှာပေါ့” လို့ သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။
Non CDM ဝန်ထမ်းအင်အားစာရင်းကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းက ပြည်နယ်ရုံးများ၊ တောင်ကြီးခရိုင်၊ ကလောခရိုင်၊ ပအိုဝ်းနဲ့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ခရိုင်နဲ့ မြို့နယ်ရုံးတွေအား သြဂုတ်လ ၁၇ ရက်နေ့ နောက်ဆုံးထားပို့ပေးခိုင်းထားတယ်လို့လည်းသိရပါတယ်။
စစ်ကောင်စီ အခုလိုလုပ်လာတာဟာ အာဏာကို ကာကွယ်ချင်လို့ဖြစ်ပြီး လိုအပ်ရင် ဝန်ထမ်းတွေအားလုံးကို လက်ကိုင်တုတ်ပြည်သူ့စစ် လုပ်ခိုင်းပြီး စစ်တိုက်ခိုင်းဖို့နဲ့ ရှမ်းပြည်နယ်မှာရှိတဲ့ တိုက်ခိုက်ရေးအားတွေ ကရင်နီပြည်ကို ပို့ဆောင်ထားရတာကြောင့် လစ်လပ်သွားတဲ့ နေရာတွေကို ဝန်ထမ်းတွေနဲ့ပြန်လည်ဖာထေးဖို့ဖြစ်နိုင်တယ်လို့ လည်း သုံးသပ်ချက်တွေထွက်နေတာဖြစ်ပါတယ်။