မိုင်းနောင်-လဲချား ကားလမ်းမအား စစ်ကောင်စီက ပိတ်ဆို့မှုကြောင့် ပြည်သူတွေအတွက် ကူးသန်းသွားလာရေးခက်ခဲနေ

Photo : Credit

ပြီးခဲ့တဲ့ သြဂုတ်လ ၆ ရက်နေ့ မှာ စတင်ဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA တို့ရဲ့ တိုက်ပွဲအပြီးမှာ မိုင်းနောင်-လဲချား ကားလမ်းမကို စစ်ကောင်စီက ရက်အတော်ကြာအောင် ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်တာကြောင့် ပြည်သူတွေအတွက် ကူးသန်းသွားလာရေးအင်မတန် ခက်ခဲနေတယ်လို့ သိရပါတယ်။

မိုင်းရှူး-တောင်ကြီး ကားလမ်းမပေါ်မှာ ပုံမှန်ပြေးဆွဲနေတဲ့ ကားသမားတစ်ဦးက “ဒီမိုင်းနောင်-လဲချား ကားလမ်းမကို ပိတ်ထားတာ ရက်အတော်ကြာနေပြီ ဘယ်ကား၊ ဘယ်ဆိုင်ကယ်မှ ပေးမသွားဘူး အဲ့ဒီတော့ ကျွန်တော်တို့က တခြားလမ်းကနေ ပတ်သွားရတယ် ဝေးလည်းပိုဝေးတယ်ဗျာ ကျွန်တော်တို့က မိုင်းရှူးကနေ တောင်ကြီးသွားချင်ရင် ခိုလမ် နမ့်စန် လွယ်လမ် တို့ဘက်ကနေ ပတ်သွားရတယ် တစ်နာရီသွားရမယ့်ခရီးက နှစ်နာရီလောက်ကြာသွားတာ‌ပေါ့ ပြီးတော့ သူတို့သတ်မှတ်ထားတဲ့အချိန်ကျော်သွားပြန်ရင်လည်း ပေးမသွားတာမျိုးတွေရှိပါတယ်” လို့ပြောပါတယ်။

မိုင်းနောင်-လဲချား လမ်းမပေါ်မှာ ဖြတ်သန်းသွားလာနေတဲ့ ဒေသခံတွေကိုလည်း စစ်ဆေးမေးမြန်ခြင်းတွေတင်းကြပ်စွာ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီတွေက ကားတွေဆိုရင်လည်း နှိုက်နှိုက်ချွတ်ချွတ်စစ်ဆေးမေးမြန်းပြီး ဆန်တွေတင်ဆောင်လာတာ တွေ့ရင်လည်း ဖမ်းပါတယ်။ ကားဆပ်‌ကြေးဆိုရင်လည်း အရင်ကထက် နှစ်ဆလောက်ပို‌‌ပေးနေရတယ်လို့ သိရပါတယ်။

ယခုချိန်မှာတော့ လဲချားမြို့နယ်နဲ့ မိုင်းနောင်မြို့နယ်ထဲမှာ အာဏာသိမ်းစစ်ကောင်စီက ည ၆ နာရီကနေ မနက် ၆ နာရီအထိ အပြင်မထွက်ရ မာရှယ်လော ထုတ်ပြန်ထားပြီလို့လည်းသိရပါတယ်။

ခရီးဝေးသွားလာနေရသူတွေကတော့ ပိုဝေးတဲ့ လမ်းကနေလာခဲ့ရတဲ့အပြင် သူတို့သတ်မှတ်ထားတဲ့အချိန် ကျော်လွန်သွားပြန်ရင်လည်း ပေးမသွားတာတွေက တော်တော်လေးဒုက္ခရောက်တယ်လို့လည်း သိရပါတယ်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img