ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ထီးသော်ကူးကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီ၏ တပ်စခန်းကို ကရင်နီ တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများပြားပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း သိရသည်။
ဩဂုတ်လ ၁၂ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန်တွင် ဖရူဆိုမြို့နယ်၊ ထီးသော် ကူး ကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက် တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ည ၇ နာရီကျော်အချိန်အထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက် စစ်တပ်က လေကြောင်းပစ်ခတ်မှုနှင့် လက်နက်ကြီးများ ပစ်ကူပေးမှု များ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ဩဂုတ်လ ၁၀ ရက်နေ့ နှင့် ဩဂုတ်လ ၁၂ ရက်နေ့ ဒီးမော့ဆိုမြို့နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ အနည်းဆုံး ၂၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး၊ သေဆုံးသူများမှာ စစ်မှုထမ်းကောင်း ဘွဲ့တံဆိပ်ရ အကြမ်းဖက်စစ်သားများ ပါဝင်ကြောင်း ကရင်နီတော်လှန်ရေး သတင်းရင်းမြစ်တချို့က ဆိုသည်။