ရှမ်းပြည်နယ် မြို့တော် တောင်ကြီးမြို့မှာ စစ်ကောင်စီရဲ့ ၂၀,၀၀၀ တန် ဂယက်ကြောင့် အိမ်၊ ခြံ၊ မြေဈေးတွေ ထိုးတက်လာတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေက ပြောပါတယ်။
စစ်ကောင်စီက ၂၀၀၀၀ တန် ထုတ်ဝေမယ်လို့ ကြေညာခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့ နောက်ပိုင်းကစကာ အိမ်၊ ခြံ၊ မြေ ဈေးတွေဟာ ရပ်ကွက်နေရာပေါ် မူတည်ပြီး အနည်းဆုံး သိန်း ၅၀ ကနေ သိန်းထောင်ချီ ထိုးတက်နေတယ်လို့ ဆိုပါတယ်။
“မြေရှင်က သေချာပြီဆိုမှ ဝယ်လက်ကို လိုက်ပြရဲတယ်။ မနေ့နဲ့ ဒီနေ့တောင် ဈေးမတူဘူး။ အခုက ၂၀,၀၀၀ တန်ကြောင့် ဝယ်လက်များပြီး ရောင်းမယ့်သူက နည်းနေတာ။ လူတွေက ငွေဈေးကျတော့ အိမ်၊ ခြံ၊ မြေ ပဲ ကိုင်ထားချင်ကြတာ” လို့ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် တစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ မှာ မြို့စွန်မြို့ဖျားကမြေကွက်တွေဟာ အနည်းဆုံး ကျပ်သိန်း ၇၀၀ အထိ ပေါက်ဈေး ရှိနေပြီး အရင်က သိန်း ၈,၀၀၀ ဝန်းကျင်အနောက်မြို့ပတ်လမ်း ပေါ်ကနေအိမ်တွေဟာ သိန်း ၁၀,၀၀၀ ကျော်သွားပြီလို့ ဆိုပါတယ်။
“မြို့ပေါ်တင်ပဲ မဟုတ်ဘူး။ မြို့နဲ့နီးတဲ့ ရွာဘက်တွေလည်း ဈေးတက်တယ်။ တော်တော်များများက ရောင်းမယ့်သူကို မရှိတာ။ စကစကြောင့် ဘာမှ ပိုင်ဆိုင်မှု မပြနိုင်တဲ့ မြေကွက်တွေတောင် သိန်းရာချီနေတယ်။ ဒီလိုပဲ ဆက်သွားရင် ပွဲစားတွေ ခက်ခဲလာနိုင်တယ်” လို့ အကျိုးဆောင် နောက်တစ်ဦးက ပြောပါတယ်။
လတ်တလော တောင်ကြီးမြို့ အိမ်၊ ခြံ၊ မြေဈေးတွေ ထိုးတက်နေပေမယ့် စစ်ကောင်စီက ဖျက်သိမ်းရမယ်လို့ သတ်မှတ်ထားတဲ့ ဘုရားဖြူရပ်ကွက်က နယ်မြေတချို့နဲ့ ဖာမွန်းကျေးရွာက မြေကွက်တွေတော့ ဝယ်သူ မရှိဘူးလို့ အကျိုးဆောင်တွေက ပြောပါတယ်။