တောင်ကြီးမြို့အဝင် စစ်ဆေးရေးဂိတ်တွေမှာ စစ်ကောင်စီတပ်က ဆက်ကြေး‌အကောက်ကြမ်းလို့ ‌‌ဒေသခံတွေ ဒုက္ခ‌ရောက်နေ

Photo : Credit

ရှမ်းပြည်နယ်‌‌ တောင်ပိုင်းရဲ့ မြို့တော် တောင်ကြီးမြို့က အဝင် အထွက် စစ်ဆေးရေးဂိတ်တွေမှာ စစ်ကောင်စီတပ်တွေဟာ အရင်လတွေထက် အခု ဇူလိုင်လထဲမှာ ဆက်ကြေး ပိုပြီး ကောက်ခံလာတယ်လို့ ‌ဒေသခံပြည်သူတွေက ‌ပြောပါတယ်။

လက်ရှိ ဆက်ကြေးကောက်ခံနေတဲ့ ဂိတ်တွေထဲမှာ စစ်ကောင်စီ ဂိတ်တွေအပြင် ပအိုဝ်းပြည်သူ့စစ်-PNA ရဲ့ ဂိတ်တွေလည်း ပါဝင်နေတယ်လို့သိရပြီး တစ်ခေါက်ကို ၁,၀၀၀ ကျပ်ကနေ ၅,၀၀၀ ကျပ်အထိ ပေးဆောင်ရတာကြောင့် စားဝတ်နေရေး ခက်ခဲလာတယ်လို့ ကိုယ်တိုင် တွေ့ကြုံနေရတဲ့ ကုမ္ပဏီဝန်ထမ်း တစ်ဦးက ပြောပါတယ်။

“စစ်တပ်ဂိတ်တွေလည်း ပေးရတယ်။ PNA ဂိတ်က ပိုဆိုးတယ်။ သူက မရှိဘူးပြောလည်း မရှိရှိတာ ပေးရတာ။ ကျနော်တို့ ရောင်းတဲ့ဟာထဲက ဖျော်ရည်ပါရင် ဖျော်ရည်ပေးခဲ့ရတာ။ ကံစမ်းမဲ ဖောက်ပေးတဲ့ ဗလာစာအုပ်ဆိုလည်း ပေးခဲ့ရတာပဲ။ ဘာမှမပေးရင် ဘယ်မှသွားလို့ မရဘူး” လို့ပြောပါတယ်။

ကုမ္ပဏီဝန်ထမ်းတွေ အနေနဲ့ နေ့စဉ် ၃,၀၀၀ ကျပ်ကနေ ၅,၀၀၀ ကျပ်ကြား ပေးဆောင်နေရတဲ့အပြင် ဖြတ်ပိုင်းတွေ ပြန်မရတာကြောင့် ကုမ္ပဏီဘက်က ပြန်ပေးတာလည်း မရှိဘူးလို့ သူက ဆက်ပြောပြပါတယ်။ဒါ့အပြင် ကုမ္မဏီ အရောင်းကားတွေနဲ့ လိုင်စင်မဲ့ကားတွေလည်း ငွေကျပ် သောင်းဂဏန်းအထိ ပေးဆောင်နေရတယ်လို့ ဆိုပါတယ်။

“ဂိတ်တစ်ခုကို အနည်းဆုံး ၁,၀၀၀ လောက်ကုန်နေတာလေ။ ဖြတ်ရတဲ့ ဂိတ်တွေက နည်းမှ မနည်းတာ။ ကုမ္ပဏီဘက်ကတော့ ပြန်ပေးမှာ မဟုတ်ဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒါမျိုးက ဖြတ်ပိုင်းလည်း ပြလို့မရဘူးလေ။ ရေရှည် တောင့်ခံနိုင်ဖို့က မလွယ်ဘူး” လို့လည်း စားသုံးဆီကုမ္ပဏီတစ်ခုရဲ့ အရောင်းဝန်ထမ်းကပြောပါတယ်။

 တောင်‌‌ ကြီးမြို့အဝင် စစ်ဆေးရေးဂိတ်တွေဟာ အေးသာယာ(ထုံးဖို)၊ ဇလဲကျေးရွာ၊ ဟိုပုံး-တောင်ကြီး လမ်းမပေါ်က ၂ မိုင်၊ တံတားမီးလောင်-PNA ဂိတ်၊ မြို့ရှောင်လမ်း၊ ကံကြီးရပ်ကွက်-မီးရထားသံလမ်း၊ ဘုရားဖြူ-ဂျာမဏီလမ်း စသဖြင့် ဂိတ် ၇ ခုရှိပြီး ဂိတ်အကုန်လုံးက ဆက်ကြေး ကောက်ခံကြတယ်လို့ မြို့နေပြည်သူတွေက ပြောပါတယ်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img