စစ်ကောင်စီက ရခိုင်ဒေသထဲ မုန်တိုင်းဒဏ်ခံစားခဲ့ရသည့် ပြည်သူတွေကို ကူညီထောက်ပံ့နေပြီး ဇူလိုင်လထဲမှာ ရသေ့တောင်မြို့နယ်ထဲက ကျေးရွာစုတွေဆီ လာရောက် အထောက်အပံ့ပေးခဲ့တယ်လို့ သိရသည်။
ရသေ့တောင်မြို့နယ်တွင် မိုခါမုန်တိုင်းကြောင့် ကျေးရွာပေါင်း ၅၀ ကျော် လုံးဝပျက်စီးခဲ့ကြောင်း သိရသည်။
ထောက်ပံ့ရာမှာ ကျေးရွာအတွင်းက အိမ်ထောင်စုအားလုံးကို ထောက်ပံ့ပေးတာမျိုး မဟုတ်ဘဲ တအိမ်ထောင်ကို ပစ္စည်းတမျိုးစီနဲ့ သွပ်နှစ်ချပ်စီ ထောက်ပံ့ပေးတယ်လို့ သိရသည်။ ယခုလို လုံလောက်မှုမရှိသည့် ထောက်ပံ့ပေးတာတွေကြောင့် အကူအညီတွေ လိုအပ်နေဆဲ ဖြစ်တယ်လို့ ရသေ့တောင်မြို့နယ် ဒေသခံ တယောက်က ဆိုသည်။
“မနေ့ကဆို စစ်ကောင်စီတွေက လာပေးတယ် သူတို့ပေးတာ ဆီတဘူးရယ်၊ နောက်ပြီး အဝတ်တထည်ရယ်၊ ငါးခြောက်တထုပ်ရယ် ပါတယ် ၃ မျိုးတည်းပါတယ်။ ဒါပေမဲ့ ရွာထဲက အိမ်ခြေလိုက်တိုင်းကို မရခဲ့ဘူး။ သူတို့က ပေးပြီးတော့ ပြန်သွားတယ်။ ရွာသားတွေ ပေးထားခဲ့တာ ၃ မျိုး ဆိုပေမယ့် တအိမ်ကို တမျိုးစီပဲ ရတယ်။ စားဆီဆိုလည်း နို့ဆီဘူးတဘူးစာတောင် မရှိပါဘူး၊ တကယ်ကို သေးသေးလေး တဘူးပဲရတယ်။ နောက်ပြီးတော့ ငါးခြောက်ဆိုလည်း တထုပ်က စားလို့ရတာ ကောင်းကောင်း မပါဘူး။ သူတို့ကတော့ ထောက်ပံ့ကြေးတွေ ပေးကြတယ်၊ အမိုးအကာတွေ ပေးကြတယ်၊ သံဖြူတွေ(သွပ်)ပေးတယ် ဆိုတာလည်း ၂ ချပ်တည်းပဲ ရတယ်။ အဲတာ ဘယ်လိုလုပ်ရမလဲ အိမ်တွေမှာ သွပ် ၂ ချပ်တည်းနဲ့ ဘယ်လို မိုးရမှာလဲ၊ တလျှောက်လုံး မိုးစိုရမှာလား အဆင်ကိုမပြေတာပါ” လို့ ၎င်းက ပြောကြားသည်။
ဇူလိုင် ၁၀ ရက်နေ့တွင် စစ်ကောင်စီအကြီးအကဲ မင်းအောင်လှိုင်က ရခိုင်ကို သွားရောက်ပြီး စစ်ကောင်စီက မုန်တိုင်းသင့်ဒေသတွေကို ကူညီထောက်ပံ့ပေးတဲ့အတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ တိုးတက်လာသည့်အကြောင်းကိုလည်း မိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့ပါသေးသည်။