ဇူလိုင်လ 18ရက်နေ့ ညနေပိုင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ အနီးက နမ့်ဖတ်ကာကျေးရွာအနီးကို ဇီးဒဘန်ရွာက အသက် ၁၅ နှစ်အရွယ် ဒေသခံ ယောက်ျားလေးတစ်ဦး စစ်ကောင်စီဘက်ကပစ်တဲ့လက်နက်ကြီးထိလို့ သေဆုံးခဲ့ပြီး နောက်ထပ်လူ ၄ ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ အခြေအနေသိရှိသူ ဒေသခံတစ်ဦးကပြောပါတယ်။
သေဆုံးတဲ့ အသက် ၁၅နှစ် ကလေးငယ်ဟာ ဒဏ်ရာပြင်းထန်ခဲ့လို့ နမ့်ဖတ်ကာဆေးရုံကနေ ကွတ်ခိုင်ဆေးရုံ ကိုပြောင်းရွှေ့ကုသပေးခဲ့ပေမဲ့ သေဆုံးခဲ့တာဖြစ်ပါတယ်။
ဇူလိုင် ၁၈ ရက် ညနေပိုင်းကစပြီး နမ့်ဖတ်ကာရွာတဝိုက်မှာ စစ်ကောင်စီ နဲ့ KIA တို့ တိုက်ပွဲ ပြင်းထန်ခဲ့တာဖြစ်ပြီး ညသန်းခေါင်အထိ ပစ်ခတ်မှုတွေ ဆက်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီကနေ့ ဇူလိုင် ၁၉ ရက် မှာတော့ တိုက်ပွဲအသံခဏငြိမ်နေပေမဲ့ တိုက်ပွဲဖြစ်ပွားရာ နမ့်ဖတ်ကာရွာရှိ လားရှိုး – မူဆယ် လမ်းမကြီးတစ်လျှောက်မှာ စစ်တပ်က စစ်ဆေးတာနဲ့ တပ်အင်အားဖြန့်တာတွေရှိနေတယ်လည်းသိရပါတယ်။
” နမ့်ဖတ်ကာကျောင်းဘေးမှာ တပ်စွဲထားတဲ့ စစ်တပ်က လှမ်းပစ်တာ၊ သူတို့ကတော့ ဇီးဒဘန်ရွာကို ပစ်တာမဟုတ်ဘူး။ အဲဒီဘက်က တောင်ကုန်းမှာ ကေအိုင်အေရှိတယ်ထင်ပြီး ပစ်တာ၊ ဒါပေမဲ့ အိမ်ပေါ်ကိုလက်နက်ကြီးကျပြီး အဲဒီအိမ်က မိသားစုအကုန်ရယ်၊ နောက် ကျောင်းဆရာမတစ်ယောက် ကို ထိသွားတာပါ” လို့ ဒေသခံက ရှင်းပြပါတယ်။
ကျန်တဲ့ဒဏ်ရာရရှိတဲ့ အမျိုးသမီး ၂ ဦးအပါအဝင် အရပ်သား ၄ ဦးကတော့ နမ့်ဖတ်ကာဆေးရုံမှာ ဆက်လက်ကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
ယခုရက်ပိုင်းအတွင်း လားရှိုး-မူဆယ် လမ်းမ တစ်ကြော စစ်ကောင်စီနဲ့ KIA တို့အကြား နေ့စဥ်နီးပါး တိုက်ပွဲ ဖြစ်ပွားနေတာလို့ ဒေသခံတွေကပြောပါတယ်။