ထိုင်းအာဏာပိုင်တွေ ဖယ်ခိုင်းသည့် တပ်နေရာ ၅ ခုကို ဝ တပ်ဖွဲ့(UWSA)က နောက်ဆုတ်ပေးဖို့ အစီအစဉ်မရှိ

Photo : Credit

ထိုင်းအာဏာပိုင်တွေ ဖယ်ရှားခိုင်းသည့် တပ်နေရာ ၅ ခုကို “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA က နောက်ဆုတ်ပေးဖို့ အစီအစဉ် မရှိဘူးလို့ ပြန်လည်တုန့်ပြန်ပြောဆိုထားသည်။

ပြီးခဲ့သည့် ၁၉ ရက်နေ့တွင် ထိုင်း-မြန်မာ နယ်စပ်တစ်လျောက်မှာ ရှိသည့် ဝ တပ်စခန်း ၅ နေရာလောက်ကို ဖယ်ခိုင်းပေးရန်နှင့် တခြားကိစ္စရပ်များကို ထိုင်းအာဏာပိုင်များက မြန်မာစစ်အစိုးရနှင့် တာချီလိတ်မြို့ 1G1 Hotel မှာ ဆွေးနွေးညှိနှိုင်းခဲ့ကြောင်းသိရသည်။

UWSA ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက – နယ်စပ်တလျောက်မှာ ရှိတဲ့ ဝ တပ်စခန်း တွေကို ဖယ်ရှားပေး ဖို့ မဖြစ်နိုင်ဘူးလို့ ပြန်လည်တုန့်ပြန်ခဲ့သည်။

“UWSA တပ်စခန်းဟာ ထိုင်းနိုင်ငံရော မြန်မာနိုင်ငံမှာပါ အုပ်ချုပ်ရေးအာဏာသက်ရောက်မှု မရှိသည့် နေရာ ဖြစ်တယ်၊ ဒါကြောင့်မို့လို့ ဒီနေရာတွေကို ဘယ်သူမှမပိုင်ဘူး ဝတပ်က ပိုင်တာ၊ ဘယ်သူပဲ ဖယ်ရှား ပေးဖို့ တောင်းဆိုနေပါစေ မဖယ်ပေးနိုင်ဘူး” လို့ ၎င်းက သတင်းဌာနတစ်ခုကို ပြောကြားထားသည်။

ထိုင်းအာဏာပိုင်က UWSA တပ်စခန်းနောက်ဆုတ်ခိုင်းဖို့ တောင်းဆိုထားပြီး အပြန်အလှန်အနေဖြင့် မြန်မာစစ် အစိုးရကလည်း ထိုင်းနိုင်ငံတွင် ခိုလှုံနေသော မြန်မာနိုင်ငံ အမှုပြေး နှင့် ရာဇဝတ်သားများကိုလည်း ဖမ်းဆီးပေးဖို့ ထိုင်းအာဏာပိုင်ဘက်ကို ပြန်လည်တောင်းဆိုထားသည်။

UWSA ဝတပ်ဟာ ထိုင်း-မြန်မာ နယ်စပ်တလျောက်မှာ အခြေချနေထိုင်ထားပြီး မြန်မာနိုင်ငံ တိုင်းရင်း သားလက်နက်ကိုင်များအနက် အင်အားအကြီးဆုံး စစ်တပ်လည်း ဖြစ်သည်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img