လျှစ်စစ်ဓာတ်အားလိုအပ်ချက်သည် အကြီးမားဆုံးစိန်ခေါ်မှုဟု စစ်ခေါင်းဆောင်ပြော

Photo : Credit

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိမိတို့အတွက် အကြီးမားဆုံးစိန်ခေါ်မှုမှာ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်ဟု ယနေ့ထုတ် စစ်ကောင်စီလက်အောက်ခံ မြန်မာ့အလင်းသတင်းစာ၏ အယ်ဒီတာ့အာဘော်တွင်ဖော်ပြထားသည်။

စစ်ကောင်စီ ပြည်ထောင်စုအစိုးရအဖွဲ့၏ အစည်းအဝေးအမှတ်စဉ် ၁/၂၀၂၃ တွင် စစ်ခေါင်းဆောင်ပြောဆိုခဲ့သည်ကို ပြန်လည်ကိုးကားပြီး ဖော်ပြထားခြင်း ဖြစ်သည်။

ယခင်အစိုးရ အဆက်ဆက်ကတည်းက ရေအားလျှစ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အချို့စီမံကိန်းများ ရပ်တန့်ခဲ့ရပြီး အချို့ဖျက်သိမ်းခဲ့ရကြောင်း၊ မိမိတို့အနေဖြင့် လျှစ်စစ်ဓါတ်အား လုံလောက်စွာထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ၂၀၂၅ တွင် လျှစ်စစ်ဓါတ်အား လုံလောက်စွာရရှိနိုင်ရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက် ရှိကြောင်းလည်း ပြောဆိုခဲ့သည်ဟု ဖော်ပြပါရှိသည်။

အခြားတဖက်တွင်လည်း စစ်ကောင်စီက အကြမ်းဖက်အုပ်စုများဟု သတ်မှတ်ထားသူများက လမ်း၊ တံတား၊ ဆက်သွယ်ရေးအဆောက်အဦ၊ ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲစက်ရုံများကို ဖောက်ခွဲဖျက်ဆီးမှုများကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်နှေးစေသည်ဟုလည်း စစ်ကောင်စီလက်အောက်ခံ မြန်မာ့အလင်းသတင်းစာ၏ အယ်ဒီတာ့အာဘော်တွင် ဖော်ပြထားသည်။

နိုင်ငံအတွင်းရှိ ရနိုင်သမျှသော စွမ်းအင်အရင်းအမြစ်များမှနေ၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အနှောင့်အယှက် အဖျက်အဆီးတို့ ကင်းရှင်းသည်နှင့်အမျှ နိုင်ငံတဝန်းရာနှုန်းပြည့် လျှပ်စစ်ဓာတ်အားရရှိရေးရည်မှန်းချက် အချိန်နှင့်တပြေးညီ အောင်မြင်နိုင်မည်ဟုလည်း ဆိုထားပြန်သည်။

ထို့ပြင် လက်ရှိအခြေအနေတွင် နိုင်ငံအတွက် ဓာတ်အားလိုအပ်ချက်ကို ခွဲတမ်းချပြီး ဖြန့်ဖြုးပေးနေရသည့်အပေါ် နားလည်ပေးရန်နှင့် ရလာသမျှလျှပ်စစ်ဓာတ်အားကိုလည်း အလဟဿမပြုန်းတီးစေရေး မိမိတို့ပေးဆောင်ကြရမည့် လျှပ်စစ်ဓာတ်အားခများကို တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရန်လည်း တိုက်တွန်းထားပြန်သည်။

လက်ရှိ လျှပ်စစ်မီးရရှိမှု အခြေအနေနှင့် ပတ်သက်၍ ရန်ကုန်၊ တာမွေမြို့နယ်နေ ပြည်သူတဦးကမူ “လျှပ်စစ်မီးက အချိန်ပြည့် ပျက်နေတာ။ လာတဲ့အချိန်က နည်းတယ်။ လာတာတောင် တချို့ ၅ မိနစ်လောက်လာပြီး နာရီဝက်၊ တနာရီလောက် ပျက်သွားသေးတယ်။ သူတို့ အချိန်နဲ့ပေးမယ်ပြောတယ်။ အဲဒါလည်း မမှန်ပါဘူး။ လာမယ့်အချိန် ပျက်ချင်ပျက်တယ်။ လျှပ်စစ်မီးတာမမှန်တာ မီတာခကျတော့ တလနဲ့တလ ကောက်ချင်သလို ကောက်တာ” ဟု ပြောဆိုထားသည်။

Source : Credit

Latest articles

spot_imgspot_img

Related articles

spot_imgspot_img