ရှမ်းတောင်-ကရင်နီပြည်အစပ် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့မှာရှိတဲ့ စစ်ရှောင်စခန်းတွေမှာ ရေကျောက်ရောဂါ ဖြစ်ပွားသူတွေ များလာတယ်လို့ ကရင်နီဒေသမှ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
နွေရာသီကာလအတွင်း သောက်ရေ၊ သုံးရေ ရှားပါးလာတာနဲ့အမျှ စစ်ရှောင်တွေဟာ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းလာကြလို့ အခု ဧပြီလ အစောပိုင်းကစပြီး ရေကျောက်ရောဂါ ဖြစ်ပွားလာကြတာပါ။
Mobye PDF Rescue Team (MPRT)ရဲ့ တာဝန်ရှိသူတစ်ဦးက “ဖြစ်တဲ့လူတွေတော့ များလာပြီ။ မြို့ထဲ စခန်းတွေလည်း ဖြစ်တယ်။ တောထဲမှာလည်း ဖြစ်ကြတယ်။ ဘယ်လောက်များများ ဖြစ်နေလဲဆိုတာတော့ မသိရသေးဘူး။ ခန့်မှန်းခြေတော့ တစ်ရာကျော်လောက် ရှိမယ်” လို့ ပြောပါတယ်။
အဆိုပါ ရောဂါဟာ စစ်ရှောင်တွေ နေမကောင်း ဖျားနာတဲ့အချိန်မှာ ဆေးပစ္စည်း မလုံလောက်မှုကြောင့် ကောင်းမွန်စွာ ဆေးကုသခွင့်မရကြပဲ ခုခံအား လျော့နည်းလာပြီး ဖြစ်ပွားကြတယ်လို့လည်း ဆိုပါတယ်။
ဆေးပစ္စည်းတွေ မလုံလောက်မှုကြောင့် ရေကျောက်ရောဂါ ဖြစ်ပွားသူတွေကို ဆေးမြီးတိုနဲ့ပဲ ကုသနေရတယ်လို့ စစ်ရှောင်တွေကို ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက အခုလို ပြောပါတယ်။
“စစ်ရှောင်စခန်းဆိုတော့ အင်္ဂလိပ်ဆေးတွေ မရှိတော့ ပိန္ဓောဆေးဆရာတွေနဲ့ ကုရတာပေါ့။ တောထဲက ဆေးရွက်တွေ ရှာကြံပြီး ဘယ်ဟာက အနာနဲ့ဆေး တည့်မလဲ စမ်းတဝါးဝါး ကုနေကြတာပေါ့။ မြို့ထဲက ပိန္ဓောဆေးဆရာတွေလည်း ကုတဲ့လူများလို့ ရက်ချိန်း တော်တော်ကြာအောင် စောင့်နေရတယ်”
ရေကျောက်ရောဂါဟာ အသက် ၂ နှစ်အောက် ကလေးငယ်တွေမှာ အများဆုံးဖြစ်ပွားကြပြီး ရောဂါလက္ခဏာအနေနဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ ၂ ပတ်ကြာတဲ့အထိ အရည်ကျည်ဖုတွေ ပေါက်ထွက်လာတယ်လို့ ဆေးပညာရှင်တွေက ပြောပါတယ်။
အဲဒီရောဂါဟာ အသက်အန္တရာယ် စိုးရိမ်စရာ မရှိပေမယ့် အဆိုးဝါးဆုံး အခြေအနေတွေမှာ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်နဲ့ မျိုးပွားအင်္ဂါတွေအထိ အရည်ကျဉ်ဖု ပေါက်တတ်တာကြောင့် ဆိုးဝါးတဲ့ လက္ခဏာတွေ ခံစားရနိုင်တယ်လို့လည်း ဆိုပါတယ်။
မိုးဗြဲမြို့တွင်းနဲ့ တောတောင်တစ်ဝိုက်တွေမှာ စစ်ရှောင် စခန်း ၃၀ ကျော်ရှိကြပြီး လူဦးရေ ၂ ထောင်ထက်မနည်း ခိုလှုံနေကြတယ်လို့ သိရပါတယ်။
အဲဒီ စစ်ရှောင်တွေဟာ စားနပ်ရိက္ခာ မလုံလောက်မှု၊ သောက်ရေ သုံးရေ ရှားပါးမှု၊ ဆေးဝါး မလုံလောက်မှု စတဲ့ဒုက္ခတွေ ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်တေွကို ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းရဲ့ တာဝန်ရှိသူတေွက ပြောဆိုထားပါတယ်။
Source : Credit