ဖေဖော်ဝါရီ ၁၁ SSCH
တူရကီနိုင်ငံနှင့် ဆီးရီးယားနိုင်ငံတိုတွင် ဖေဖေါ်ဝါရီလ (၄) ရက်နေ့က ဖြစ်ပွားခဲ့သည့် ငလျင်လှုပ်ခတ်မှုကြီးကြောင့် ပြိုကျခဲ့သည့် အဆောက်အအုံ အပျက်အစီးများအောက် ပိတ်မိနေသူများကို အသက်ရှင်လျက် ရှာဖွေတွေ့ရှိရန် မျှော်လင့်ချက် မှေးမှိန်လာခဲ့ပြီဖြစ်ပြီး ဖေဖေါ်ဝါရီလ (၉) ရက် ဒေသစံတော်ချိန် ညနေပိုင်း (မြန်မာစံတော်ချိန် ညဉ့်နက်ပိုင်း) အထိ စာရင်းများအရ ငလျင်ကြောင့် သေဆုံးသူအရေအတွက် (၂၁,၇၁၉) ဦးအထိနှင့် ထိခိုက်ဒဏ်ရာရသူ (၇၀,၀၀၀) ကျော်အထိ ရှိလာခဲ့ကြောင်း သိရသည်။
ဖေဖေါ်ဝါရီလ (၆) ရက် ဒေသစံတော်ချိန် နံနက် (၄) နာရီဝန်းကျင်က ရစ်ချ်တာစကေး (၇.၈) အဆင့်ရှိ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် အင်အားပြင်းထန်သည့် နောက်ဆက်တွဲ ငလျင်များလည်း ထပ်မံ လှုပ်ခတ်ခဲ့သည်။
ဖေဖေါ်ဝါရီလ (၉) ရက်နေ့၏ ဒေသစံတော်ချိန် နံနက်ပိုင်းအထိ စာရင်းများအရ တူရကီတွင် ငလျင်ကြောင့် သေဆုံးသူအရေအတွက် (၁၇,၀၀၀)ကျော်အထိ မြင့်တက်လာခဲ့ကြောင်း သမ္မတ Erdogan က ပြောသည်။
ငလျင်ကြောင့် တူရကီတွင် အဆောက်အအုံပေါင်း (၆,၅၀၀)ကျော် ပြိုကျပျက်စီးခဲ့ပြီး နောက်ထပ် မရေတွက်နိုင်သော အဆောက်အအုံ ပျက်စီးမှုများလည်း ဖြစ်ပေါ်ခဲ့သည်။
(၁၂) နှစ်နီးပါးကြာ ပြည်တွင်းစစ်ဒဏ်ကြောင့် ပျက်စီးနေခဲ့သည့် ဆီးရီးယားတွင်လည်း ငလျင်ကြောင့် လူ (၃,၀၀၀) ကျော် သေဆုံးခဲ့ကြောင်း အစိုးရနှင့် သူပုန်များထိန်းချုပ်ထားသည့် နိုင်ငံအနောက်မြောက်ပိုင်းရှိ ကယ်ဆယ်ရေးအဖွဲတစ်ဖွဲက ပြောသည်။