Shan State Channel
05-01-2022
၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်တွင် တရုတ်အထူးကိုယ်စားလှယ်အသစ် တိန့်ရှီးကျန် (Deng Xijun) နှင့် မြောက်ပိုင်းမဟာမိတ် EAOs တို့ တွေ့ဆုံခဲ့ကြောင်း သိရသည်။
ယင်းတွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်ပြီး ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၏ ဆက်ဆံရေးတာ ဝန်ခံ ဦးညီရမ်းက – “ တရုတ်အထူးကိုယ်စားလှယ်အသစ်နဲ့ မြောက်ပိုင်းမဟာမိတ် ခေါင်းဆောင်တွေ တွေ့ဆုံတာ ဟုတ်ပါတယ်၊ ကျန်တော်တို့ အဖွဲ့လည်း တက်ရောက်ခဲ့တယ်၊ နှစ်ဦးနှစ်ဖက်တွေ့ဆုံမိတ်ဆက် ခြင်းပါပဲ၊ တခြားပြောဆိုဆွေးနွေးမှု အသေးစိတ်တော့ ကျန်တော်လည်း မသိဘူး ” လို့ ဆိုထားပါသည်။
ဆက်လက်ပြီး SSPP/SSA တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်ကို ဆက်သွယ်မေးမြန်းရာ – “ ကျန်တော်တို့ တပ်ဖွဲ့က ကိုယ်စားလှယ်အဖွဲ့ တရုတ်ကိုယ်စားလှယ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာ မှန်ပါတယ်၊ အသေးစိတ်တော့ မသိရသေးဘူး ” လို့ ဆိုပါသည်။
အဆိုပါ တွေ့ဆုံပွဲတွင် မြောက်ပိုင်း မဟာမိတ် EAOs များဖြစ်ကြသည့် “ ဝ ” ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် UWSA ၊ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၊ အမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော် (မိုင်းလားတပ်ဖွဲ့)NDAA ၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ၊ ရခိုင်တပ်မတော် AA ၊ တအာင်း( ပလောင် ) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ( ကိုးကန့်တပ်ဖွဲ့ )MNDAA တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။