ဇန်နဝါရီ ၂၆ SSCH
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် နမ္မတူချောင်း မြောက်ဘက်ကမ်း မန်ဆာကြီးကျေးရွာအုပ်စုအတွင်း ကုန်းမုံကျေးရွာ ၊ မန်ဆာကြီးကျေးရွာ ၊ မန်အိုင်ကျေးရွာထဲက ကျေးရွာတာဝန်ခံ ရွာလူကြီးတွေကို ကချင်တပ်ဖွဲ့ KIA မှ မနေ့က ဇန်နဝါရီ ၂၅ ရက်နေ့မှာ ခေါ်ယူတွေ့ဆုံပြီး ဆန် ၊ ဆီ ၊ ဆား ၊ ငွေကြေးတွေကို တောင်းခံထားတယ်လို့ ဒေသခံတွေစီကနေ ကြားသိရပါတယ်။
“ခေါ်ယူတွေ့ဆုံတဲ့နေရာတော့ နားလင်းကျေးရွာက ဦးထွန်းမြင့် နေအိမ်မှာဖြစ်တယ် သူတို့ခေါ်တဲ့ရွာကတော့ ကုန်းမုံရွာ ၊ မန်ဆာကြီးရွာ ၊ မန်အိုင်ရွာ အဲ့သုံးရွာထဲက ရွာသူကြီးကိုခေါ်တာဖြစ်တယ်။ ခေါ်တွေ့တဲ့အကြောင်းကတော့ တစ်အိမ်ထောင်ကို ဆား ၁ ပိသာ ၊ ဆန်တစ်တင်း ၊ ပိုက်ဆံ ၅၀၀၀ ကျပ် တောင်းတယ်။ ၆ ရက်အတွင်း ထည့်ပေးရမယ် မထည့်ရင် အ ရေးယူခံရမယ်အဲ့လိုပြောပါတယ်” လို့ အမည်မဖော်လိုတဲ့ ကျေးရွာလူကြီးတစ်ဦးကပြောပါတယ်။
အဲ့ဒီကိစ္စနဲ့ပါတ်သက်ပြီး ၎င်းဒေသအတွင်း နယ်မြေအုပ်ချုပ်ရေးတာဝန်ခံဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တပ်မ တော် SSPP/ SSA အရာရှိတစ်ဦးနဲ့မေးမြန်းကြည့်ရာမှာ “အဲ့ကိစ္စကို ကျွန်တော်တို့ ငြိနိုင်းဖြေရှင်းနေပါတယ် ပြည်သူအခက်အခဲလဲ ကျွန်တော်တို့အခက်အခဲနဲ့ထပ်တူပါပဲ ပြီးတော့ ဒါက ကျွန်တော်တို့ရဲ့ အုပ်ချုပ်ရေးနယ်မြေမို့ တကယ်လို့ တိုင်းရင်းသားလက်နက်ကိုင်ထဲက ဘယ်အဖွဲ့မဆို ဘယ်လိုအခက်ခဲရှိလဲဆိုတာ ကျွန်တော်တို့နဲ့အရင်ဆုံး တိုင်ပင်သင့်တယ်လေ ကူညီသင့်တဲ့အရာဆို ကျွန်တော်တို့ကူညီလိမ့်မယ်ပေါ့ ကျွန်တော်တို့ကို ဘာမှမပြောပဲ ကျွန်တော်တို့ပြည်သူကို ဟိုဟာတောင်း ဒီဟာတောင်းတာမျိုးတော့မဖြစ်သင့်ဘူးပေါ့ အဲ့ဒါကြောင့်ဒီကိစ္စကိုလဲ ပြေပြေလည်လည်ဖြစ်အောင် ကျွန်တော်တို့အနေနဲ့ ဖြေရှင်းသွားမှာပါ” လို့ ပြောပါတယ်။
နမ္မတူမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့အပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ရှမ်းတပ်ဖွဲ့ SSPP/SSA ၊ တာအာင်းပလောင်တပ်ဖွဲ့ TNLA ၊ ကချင်တပ်ဖွဲ့ နှင့် PDF တပ်ဖွဲ့တို့ သွားလာလူပ်ရှားတဲ့နယ်မြေဖြစ်ပါတယ်။