စစ်ကောင်စီဘက်က အပစ်ရပ်တိုင်းရင်းသား လက်နက် ကိုင် ၇ ဖွဲ့နဲ့တွေ့ဆုံဖို့ အစီစဥ်မရှိသေး

14.12.2022- SSCH

အာဏာသိမ်းစစ်ကောင်စီနှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထား သည့် တိုင်းရင်းသားလက်နက်ကိုင် (EAOs) ၇ ဖွဲ့၏ အလွတ် သဘောတွေ့ဆုံဆွေးနွေးပွဲမှာ လတ်တလော မဖြစ်နိုင်သေးကြောင်း အဆိုပါ EAOs များထံမှ သိရသည်။

Photo : Crd:

စစ်ကောင်စီနှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးနိုင်ရန် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA (PC) ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) ၊ မွန်ပြည်သစ်ပါတီ (NMSP) ၊ ပအိုဝ်းအမျိုးသားလွတ်မြေက်ရေးအဖွဲ့ချုပ် (PNLO) နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) တို့က ဒီဇင်ဘာ ၇ ရက်တွင် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်း ချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့်ထံ အဆိုပြုကမ်လှမ်းခဲ့သည်။

ယင်း အဆိုပြုချက်ကို လတ်တလောတွင် မတွေ့ဆုံနိုင်သေးကြောင်း စစ်ကောင်စီ၏ (NSPNC) က အပစ်ရပ် EAOs ၇ ဖွဲ့ထံ အကြောင်းပြန်ထားကြောင်း စစ်ကောင်စီနှင့် အလွတ်သဘောတွေ့ဆုံရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။

၎င်းက “ကျနော်တို့စတင်အဆိုပြုခဲ့တဲ့ ၇ ရက်နေ့ပြီး နောက်တရက်မှာပဲ။ NSPNC က သဘောထား ပြန်ကြား လာတာရှိတယ်။ ပြန်ကြားချက်ကိုတော့ ကျနော်အသေးစိတ်မပြောတော့ဘူး။ ပုံမှန်အနေအထားမဟုတ်တဲ့ နိုင်ငံရေးအခင်းအကျင်းမှာ မြေပြင်မှာလည်း အခက်အခဲတွေရှိသလို တနိုင်ငံလုံးမှာလည်း အခက်အခဲ အကျပ်အတည်းတွေရှိတဲ့ အတွက် အဆိုပြုထားတဲ့ရက်မှာ တွေ့ဆုံနိုင်ဖို့က လောလောဆယ် အစီအစဉ်မရှိသေးဘူးပေါ့။ ဒါကြောင့် ဒီကိစ္စက လောလောဆယ် အကောင် အထည်ဖော်နိုင်တာ မရှိသေးပါဘူး” ဟု ဆိုသည်။

EAOs (၇) ဖွဲ့က စစ်ကောင်စီထံ ပေးပို့သော စာတွင် အလွတ်သဘောဆွေးနွေးညှိနှိုင်းရေး အဖွဲ့အနေဖြင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန် ရည်ရွယ်ကာ နှစ်ဖက်လက်ခံနိုင်သော ဘုံသဘောထားနှင့် သဘောတူညီချက်များ ရရှိနိုင်ရေး ကြိုးပမ်းသွားရန် ဆန္ဒရှိကြောင်း ဖော်ပြထားသည်။

၎င်းတို့အနေနှင့် ဒီဇင်ဘာလ ၁၂ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တဖက်လျှင် ကိုယ်စားလှယ်အနည်းငယ်ဖြင့် သိုသိပ်စွာ အလွတ်သဘော ဆွေးနွေးလိုကြောင်း ၊ ဒီဇင်ဘာ ၁၅ ရက်မှ ၁၆ ရက်အထိ တောင်ကြီးမြို့ (သို့မဟုတ်) မော်လမြိုင်မြို့တွင် နှစ်ဖက်ကိုယ်စားလှယ်စုံညီစွာဖြင့် အလွတ်သဘောဆွေးနွေးလိုကြောင်း စာအရ သိရသည်။

နိုင်ငံရေးလေ့လာသူတစ်ဦးရဲ့ ပြောကြားချက်အရ စစ်ကောင်စီနှင့် အလွတ်သဘောတွေ့ဆုံရန် ကြိုးပမ်းသည့် EAOs များသည် အင်အားနည်းပါးနေသည့် လက်နက်ကိုင်အဖွဲ့များဖြစ်ပြီး ၎င်းတို့ အဖွဲ့ရပ်တည်ရေးအတွက် စစ်ကောင်စီနှင့် ဆွေးနွေးရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဆိုသည်။

Crd – Original Source

Latest articles

spot_imgspot_img

Related articles

spot_imgspot_img