စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးနိုင်ရေး အပစ်ရပ် EAO ၇ ဖွဲ့ကြိုးပမ်း

ဧရာဝတီ၊ ဒီဇင်ဘာ ၈၊ ၂၀၂၂

အာဏာသိမ်းစစ်ကောင်စီနှင့် အလွတ်သဘောတွေ့ဆုံဆွေးခွင့်ရရန် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ထိုးထား သည့် EAO ၇ ဖွဲ့က ကြိုးပမ်းနေကြောင်း အဆိုပါ EAO များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံက သိရသည်။

Photo:Crd:

အဆိုပါ EAO ၇ ဖွဲ့က  စစ်ကောင်စီ၏ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော် မတီ (NSPNC) ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့်ထံ ပေးပို့သည့် စာလည်း ဆွေးနွေးပွဲ မပြုလုပ်မီ ၃ ရက်အလိုမှာပင် ပေါက်ကြားခဲ့သည်။ ထိုအထဲတွင် ဆွေးနွေးပွဲကို သိုသိုသိပ်သိပ် လုပ်ရန် ပြင်ဆင်ထားကြောင်းလည်း ပါဝင်သည်။

စစ်ကောင်စီနှင့် အလွတ်သဘောတွေ့ဆုံဆွေးနွေးနိုင်ရန် ကြိုးပမ်းနေသည့် EAO ၇ ဖွဲ့မှာသျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊  မွန်ပြည်သစ်ပါတီ (NMSP)၊  ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA (PC) ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) ၊ ပအိုဝ်းအမျိုးသားလွတ်မြေက်ရေးအဖွဲ့ချုပ် (PNLO) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့ဖြစ်သည်။

ဗိုလ်ချုပ်ကြီး ရာပြည့်ထံ ဒီဇင်ဘာ ၇ ရက်က ပေးပို့သည့်စာတွင် EAO (၇) ၏ တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းချက်ကို လက်ခံသဖြင့် များစွာကျေးဇူးတင်ကြောင်း ရေးသားထားသည်။

ယင်းအပြင် EAO (၇) ဖွဲ့၏ အလွတ်သဘောဆွေးနွေးညှိနှိုင်းရေးအဖွဲ့အနေနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး တည် ဆောက်နိုင်ရန် ရည်ရွယ်ကာ ၂ ဖက်လက်ခံနိုင်သော ဘုံသဘောထားနှင့် သဘောတူညီချက်များ ရရှိနိုင်ရေး ကြိုးပမ်းသွားရန် ဆန္ဒရှိကြောင်း EAO (၇) ဖွဲ့၏ စာတွင် ပါရှိသည်။

၎င်းတို့အနေနှင့် ဒီဇင်ဘာလ ၁၂ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တဖက်လျှင် ကိုယ်စားလှယ်အနည်းငယ်ဖြင့် သိုသိပ်စွာ အလွတ်သဘောဆွေးနွေးလိုကြောင်း၊ ဒီဇင်ဘာ ၁၅ ရက်မှ ၁၆ ရက်အထိ တောင်ကြီးမြို့ (သို့မဟုတ်) မော်လမြိုင်မြို့တွင် ၂ ဖက်ကိုယ်စားလှယ်စုံညီစွာဖြင့် အလွတ်သဘောဆွေးနွေးလိုကြောင်း စာအရ သိရသည်။

ယင်းနောက် ဒီဇင်ဘာ ၂၀ ရက်မှ ၂၁ ရက်အထိ ရန်ကုန်မြို့တွင် တရားဝင် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ရန် အဆိုပြုပြီး ရရှိသည့် ဘုံသဘောထားများနှင့် သဘောတူညီချက်များကို ၂ ဖက်သင့်တော်မည့် နေရာနှင့် အချိန်ကာလတွင် လက် မှတ် ရေးထိုးရန် အဆိုပြုကြောင်း EAO (၇) ဖွဲ့ က ဆိုသည်။

ဩဂုတ်လ ၂၂ ရက်က နေပြည်တော်တွင်ပြုလုပ်သည့် စစ်ကောင်စီ၏ အစိုးရအဖွဲ့အစည်းအဝေးတွင် စစ်ကောင်စီ ဥက္ကဌက NCA လက်မှတ်ထိုးပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) များ အနေနှင့် လက်နက် ဆက်ကိုင်ချင်ပါက မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်တပ် (BGF) ထဲဝင်ခွင့်ပြုမည်ဖြစ်ကြောင်း ပြောဆိုဖူးသည်။

၎င်းက EAO များအနေနှင့် တိုင်းရင်းသားအခွင့်အရေး၊ ဒေသအခွင့်အရေးရရှိရန်အတွက် နိုင်ငံရေးစင်မြင့် လွှတ်တော်တွင် ဆွေးနွေးဆောင်ရွက်နိုင်မည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်လိုပါက ဥပဒေနှင့် ညီညွတ်သည့် လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကူညီပေးမည်ဖြစ်ကြောင်း အစည်းအဝေးတွင် ဆိုသည်။

အပစ်ရပ် EAO ၇ ဖွဲ့သည် စစ်ကောင်စီနှင့် မည်သည့် သဘောတူညီချက်မျိုးရယူချင်သဖြင့် တွေ့ဆုံဆွေးနွေးရန် အဆိုပြုရသည်ကို လတ်တလောတွင် ရှင်းလင်းစွာ မသိရသေးပေ။

Credit – Ayarwaddy

Latest articles

spot_imgspot_img

Related articles

spot_imgspot_img