ရှင်းလင်း
နိုဝင်ဘာ ၁၂
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာရှိ ရဲစခန်းနှင့် တံတားလုံခြုံရေးဂိတ်ကိုKNLA နှင့်PDF ပူးပေါင်းတပ်များက ယနေ့ နံနက်ပိုင်း တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး စခန်းနှင့် ဂိတ်ကို မီးရှို့ရှင်းလင်း လိုက်ကြောင်း ဒေသခံများထံမှ သိရှိရသည်။
နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၅နာရီ ၃၀ မိနစ်အချိန်မှ နံနက် ၆ နာရီ ၃၀ မိနစ်အထိ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွ တံတားနှင့် ရဲစခန်းအား KNLA နှင့်PDF ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်စီးနင်းတိုက်ခိုက်၍ ရဲစခန်းကို မီးရှို့ရှင်းလင်းလိုက်ကြောင်း၊ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း၊ ပြည်သူ ၁၀၀၀ ကျော် ပိတ်မိနေကြောင်း သိရှိရသည်။
“ မနက် ၇ နာရီ ၂၀ မိနစ်မှာ စစ်ရဟတ်ယာဉ် ၂ စီးနဲ့ ချောင်းနှစ်ခွ ကျေးရွာကို ဗုံးကျဲနေတယ်၊ ရဲစခန်းကို တက်သိမ်း လိုက်တယ်။ ချောင်းနှစ်ခွတံတားဂိတ်ကိုလည်း ရှင်းလင်းလိုက်တယ်လို့သိရပါတယ်။ အခု လောလောဆယ် ရွာသား ၁၀၀၀ ကျော်လောက်လည်းပိတ်မိနေလို့ အခုတော့ ဘေးလွတ်ရာ ရွှေ့ကြပြီပြောတယ်။ လောလောဆယ် သိရသလောက် ရဲ နှစ်ယောက်ကျတယ်။ ၄ ယောက် အရှင်မိတယ်လို့ ပြောတယ်။ အတည်မပြုနိုင်သေးဘူး။ တိုက်ပွဲတွေဖြစ်နေလို့ ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
ယခုနှစ် မတ်လ ၁၉ ရက်၊ ဧပြီ ၁၆ ရက်နေ့၊ ဇွန်လ ၁၄ ရက်နေ့ကလည်း ချောင်းနှစ်ခွ တံတားဂိတ်တွင် ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးထက်မနည်း သေဆုံးခဲ့သည်။
Source : Credit