သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် နောင်လုံကျေးရွာအုပ်စု သာစည်ကျေးရွာအနီးကနေ စစ်ကောင်စီတပ်ဖွဲ့မှ နေရာယူထားပြီး တဖက်သတ် သေနတ် ပစ်ခတ်နေကြောင်း သတင်းသိရသည်။
ယနေ့ (အောက်တိုဘာ ၁၇) ရက် မွန်းလွဲပိုင်း ၁ နာရီဝန်းကျင်မှ စတင်ကာ နောင်လုံကျေးရွာအုပ်စု သာစည်ရွာအနီးကနေ ရာယူထားသည့် စစ်ကောင်စီတပ်ဖွဲ့သည် နောင်လုံကျေးရွာအုပ်စု တောအုပ်အတွင်းသို့ လက်နက်ကြီး လက် နက်ငယ်များဖြင့် တစ်ဖက်သတ် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“နေ့လည် ၁ နာရီ နောက်ပိုင်းကနေ စပြီးတော့ သာစည်ကျေးရွာအနီးမှာ လုပ်ရှားနေတဲ့ စစ်ကောင်စီ တွေက 60 MM လက်နက်ကြီး နဲ့ တောတွေ တောင်တွေ ထဲကို တစ်ဖက်သတ်လှမ်းပစ်နေတာ၊ ပြည်သူတွေကတော့ တော်တော်စိုးရိမ်နေကြတယ်” ဟု ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
အဆိုပါ စစ်ကောင်စီသို့ လက်နက်လှမ်းပစ်သည့် တောတောင်အနီးပတ်ဝန်းကျင်တွင် တိုင်းရင်းသား လက်နက် ကိုင် တပ်ဖွဲ့ SSPP/SSA တို့ နေရာယူ လှုပ်ရှားမှု ရှိသည့်အတွက် ၎င်းတို့မှ တန်ပြန်ပစ်ခတ်ပါက ပြည်သူ့အိမ်ရာများ ထိခိုက်နိုင်သည့်အတွက် ပြည်သူများက စိုးရိမ်ကြောင်း သိရသည်။
“ရွာ နဲ့ လည်း သိပ် အလှမ်းမဝေးတဲ့အတွက် တကယ်လို့ တောထဲရှိတဲ့ တပ်ဖွဲ့က စစ်ကောင်စီတွေကို တန်ပြန် ပစ်လိုက်ရင် လက်နက်ကျည်ဆန်တွေ ရွာထဲ ကျမှာကို ရွာသားတွေက ကြောက်နေရတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။
ဘုန်းကြီးကျောင်းဝင်းအတွင်း နေရာယူထားသည့် စစ်ကောင်စီတပ်ဖွဲ့တို့သည် ဘုန်းကြီးကျောင်းဝင်းထဲမှ တစ်ဆင့် နောင်လုံကျေးရွာအုပ်စု သာစည်ကျေးရွာ လမ်းခွဲမှ နောင်ချိုဘက်သွားသည့် လမ်းခွဲတွင်လည်း စစ်အင်အား အများအပြားဖြင့် စစ် ဆေးမှုများ ပြုလုပ်လေ့ရှိကြောင်း ဒေသခံများက ဆက်ပြောသည်။
လက်ရှိတွင် ကျေးရွာအတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့တို့ နေရာယူလှုပ်ရှားမှု အများအပြား ရှိသည့်အတွက် ဒေသခံ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမည်ကို စိုးရိမ်ကြောက်လန့်နေကြောင်း သတင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းမှစတင်ပြီး သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း မြောက်ပိုင်းမဟာမိတ် နှင့် RCSS တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများက စစ်ရေး နောက်တစ်ဖန် ကြုံတွေ့ရမည်ကို စိုးရိမ်ထိတ်လန့်နေကြကြောင်း သိရှိရသည်။
Crd: