ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ် ဝမ်အုံကျေးရွာအုပ်စု ဟွေခမ်းတောင်ကြောမှာ စက်တင်ဘာ ၁၇ ရက် ညနေပိုင်း ၃ နာရီကျော်ခန့်က ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီနှင့် SSPP/SSA တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရကြတယ်လို့ SSPPInfo သတင်းစာမျက်နှာမှာလဲ ဒီကနေ့ရက်စွဲဖြင့်ရေးသားဖော်ပြထားတာတွေ့ရပါတယ်။
“ ဒီလ ၁၆ ရက်နေ့မှာ စစ်ကောင်စီဘက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးစီကနေတစ်ဆင့် ကျွန်တော် တို့ကို အကြောင်းကြားခိုင်းတာပေါ့ ၊ SSPP/SSAတပ်ဖွဲ့တွေ မိုးမိတ်မြို့နယ်ထဲကနေ နုတ်ထွက်ပေးပါတဲ့ ဒီ နယ်မြေထဲကိုဘာလို့လာသလဲတဲ့ ၊ ပြီးတော့ဘယ်နေ့ ၊ ဘယ်ရက် ၊ ဘယ်ချိန်နုတ်ထွက်မှာလဲ လို့ပြော သေးတယ်။ ကျွန်တော်တို့ကလဲ ဒေသခံပြည်သူလူထုရဲ့တောင်းဆိုမှူ့နဲ့အတူ ကိုယ့်ဒေသ ၊ ကိုယ့် ပြည် သူကို ကာကွယ်ပေးဖို့ ရောက်လာတာဖြစ်လို့ နုတ်ထွက်ပေးဖို့ ဆိုတာတော့ မဖြစ်နိုင်ဘူး ပေါ့။ အဲ့ဒါနဲ့ ကျွန်တော်တို့လဲ နဂိုအတိုင်းပဲ ဆက်နေထားတယ်။ ၁၇ ရက်နေ့ ညနေ ၃ နာရီကျော်မှာ သူတို့ စစ် ကြောင်းတွေ ကျွန်တော်တို့ရှိတဲ့ နေရာဘက်ကိုဦးတည်ပြီးစစ်ကြောင်းထိုး ဝင်လာခဲ့လို့ တိုက်ပွဲ တွေ ဖြစ်သွားတာ။ ကျွန်တော်တို့ရဲဘော်တွေအားလုံးတော့ ဘေးကင်းတယ် ဘာမှ မဖြစ်ဘူး စစ် ကောင် စီဘက်ကတော့ ၃ ယောက်သေတယ် ၊ ၅ ယောက်ဒဏ်ရာရသွားတယ်” လို့ မိုးမိတ် မြို့နယ်မှာ တာဝန် ထမ်းဆောင်ထားတဲ့ SSPP/SSA တာဝန်ခံတစ်ဦးကပြောပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့နေရာသည် ဝမ်အုံရွာ၏ မြောက်ဘက် ရွာနဲ့ ၁ မိုင် ၄ ဖာလုံခန့်ကွာဝေးတဲ့ ဟွေခမ်း တောင်ကြောမှာ ဖြစ်တယ်လို့ ၎င်းကထပ်ဆိုပါတယ်။
ယနေ့ စက်တင်ဘာ ၁၈ ရက် နေ့မှာတော့ စစ်ကောင်စီဘက်က စစ်အင်အားထပ်ဖြည့်ထားပြီး နှစ်ဖက် စစ်ရေးတင်းမာနေသေးတယ်လို့သိရပါတယ်။