ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ် မိူင်းနင်အုပ်စု နောင်ယုံးကျေးရွာက ရွာသားတစ်ဦးကို ၁၃၁ တပ်ရင်းက စစ်ကောင်စီတပ်သားတွေ ဓါးဖြင့်ခုတ်လို့ ၎င်းရွာသားမှာ ဒဏ်ရာပြင်းထန်စွာနဲ့ ဆေးရုံမှာ ဆေးကုသနေရတယ်လို့ ဒေသခံတွေစီကနေသိရပါတယ်။
သြဂုတ် ၃၁ ရက်နေ့ ညနေပိုင်း ၂ နာရီ ဝန်းကျင်လောက်မှာ နောင်ယုံးကျေးရွာက ရွာသားတစ်ဦးဖြစ်တဲ့ အသက် ၆၀ ကျော် ဦးစိုင်းရွေထွန်းဆိုသူသည် သူ့ရဲ့ နွားပြောက်လို့ နွားလိုက်ရှာတဲ့အချိန် နောင်ယုံးရွာအရှေ့ဘက် ခမရ ၁၃၁ တပ်နား မှာသူ့ရဲ့နွားကိုတွေ့တဲ့ချိန်မှာ တပ်ထဲက စစ်ကောင်စီတပ်သား ၃ ယောက်ထွက်လာပြီး အဲ့ဒီနွားတွေ ဦးစိုင်းရွှေထွန်းရဲ့နွားဟုတ်မဟုတ်မေးလို့ ဦးစိုင်းရွှေထွန်းကလဲ သူ့ရဲ့နွားဖြစ်ကြောင်း သွားပြောရာကနေ နှစ်ဖက်ညင်းခုံစကားများကြပြီး စစ်ကောင်စီတပ်သားတစ်ဦးက ဦးစိုင်းရွှေထွန်းပါလာတဲ့ ဓါးကိုဆွဲယူပြီး အဲ့ဒီဓါးနဲ့ ဦးစိုင်းရွှေထွန်းရဲ့ လည်ပင်းကို ခုတ်လိုက်ရာ ဦးစိုင်းရွှေထွန်း မှာ ဓါးဒဏ်ရာပြင်းစွာနှင့် ကျေးသီးမြို့နယ် ပြည်သူ့ဆေးရုံကို ပို့လိုက်ရတယ်လို့ သိရပါတယ်။
“အချက် ၄၀ ကျော်ချုပ်ရတယ်။ အဲ့လိုပြသနာဖြစ်ပြီးတဲ့နောက်မှာတော့ တပ်ကနေ ဦးစိုင်းရွှေထွန်းတို့အိမ်ကို ရောက်လာပြီး တောင်းပန်စကားတွေပြောတယ်ပေါ့။ ပြီးတော့ ပစ်မူ့ကျုးလွန်တဲ့ တပ်သားကိုလဲ အရေးယူထားတယ်လို့တော့ပြောတာပေါ့ တကယ် အရေးယူလား မယူဘူးလားတော့မသိဘူးလေ။ ဆေးဖိုးလဲတာဝန်ယူပေးမယ် အဲလိုတော့ပြောသွားတယ် ဒီကိစ္စကို facebook ပေါ် မတင်ပါနဲ့ လို့လဲပြောသေးတယ်” လို့ အမည်မဖော်လိုတဲ့ ဒေသခံ အမျိုးသမီးတစ်ဦးက ရှမ်းဘာသာစကားဖြင့် ပြောပြပါတယ်။
လွန်ခဲ့တဲ့ သုံးလကျော်လောက်မှာလဲ ကျေးသီးမြို့နယ် နားကွန်ကျေးရွာအနီးမှာ တပ်စိုက်ထားတဲ့ ဆွတ်တုံတပ်စခန်းက စစ်ကောင်စီတပ်သားတွေဟာ နားကွန်ကျေးရွာက ရွာခံတွေရဲ့နွားကို ပိုင်ရှင်ရဲ့ခွင့်ပြုချက်မရပဲ သတ်စားကြသေးတယ်လို့ ၎င်းကထပ်ပြောပါတယ်။